Tuesday, March 12, 2013
သင်းသတ်ထားသော နှလုံးသားမှ အလွမ်းများ
အရင်နေ့တွေလိုပဲ တောအုပ်ကလေးထဲက လမ်းနဲ့တူတဲ့
လမ်းကလေးတစ်ခုကို ဖြတ်လျှောက်ခဲ့တယ်။အမျိုးအမည်မသိတဲ့ ပန်းပွင့်ကလေးတွေနဲ့
အမျိုးအမည်သိတဲ့ပန်းကလေးတွေကိုရောချစ်မက်စွာ ငေးမောလို့ပေါ့။
(အုပ်မိုးနေတဲ့သစ်ပင်တွေကို မော့ကြည့်ရင်း……)
ကိုယ်အမြဲလို လျှောက်ခဲ့တဲ့လမ်းဆိုတော့အလွတ်ရနေခဲ့ပြီးသားပေါ့ ။
တစ်ခါက ဒီဝါးရုံပင်စုစုအကျော်နားမှာ
လမ်းဖြတ်ကူးတဲ့မြွေတစ်ကောင်ကိုလည်းတွေ့ခဲ့ဖူးပါရဲ့ ။
မြက်ဖျားနှင်းတွေကို မြင်တွေ့ဖို့ ကိုယ့်ခြေလှမ်းတွေ သိပ်နောက်ကျနေခဲ့တယ်ဆိုတာကို
သိနှင့်နေခဲ့ပါတယ်။
ဟောဒီ မိုးမခပင်ကတော့ နောက်ကျစွာဖူးပွင့်ရင်းလှပနေလိုက်တာ။
ယမုံနာမြစ်ကမ်းနံဘေးပဲ ရောက်သွားသလိုလို
နှလုံးသားအပိုတွေ ပြွတ်သိပ်နေအောင် ချိတ်ဆွဲထားတဲ့အလား
သဖန်းသီးနှလုံးသားကို စားလို့မရတဲ့မိကျောင်း။
အဲဒီမိကျောင်းတစ်ကောင်ရဲ့မျက်ရည်တွေကို သတိရလိုက်မိတော့
ခပ်ဖွဖွရယ်မောမိပြန်တယ်။
ခရေပင်တန်းကို ဖြတ်ကျော်မိခိုက် တစ်ခုခုလွဲနေသလို ခံစားရလို့
ရပ်တန့်ကာ စဉ်းစားမိတယ်။
သမင်လည်ပြန် လှည့်ငေးကြည့်မှ
ပျောက်ဆုံးနေတဲ့ သစ်တစ်ပင်ကို ကိုယ်သတိထားမိလိုက်တယ်။
ပုန်းညက်ညိုပင်အိုကို မြေလှန်ပစ်လိုက်ကြလေတော့
ပုန်းညက်ပန်းတွေ ပြန်ပွင့်ချိန်ကို ကိုယ်မျှော်ခွင့်မရှိတော့ပြီပေါ့။
ဒီလိုနဲ့ ရှေ့ ဆက်လျှောက်လာရင်း တောအုပ်ကလေးထဲက လမ်းလေးနဲ့တူတဲ့လမ်းကလေးရဲ့ 
လမ်းချိုးလေးမှာ ဖူးငုံတွေဝေနေတဲ့ သစ်ပင်တစ်ပင်ကို မြင်မိတယ်။
သရဖီပန်းတွေဖူးနေပြီ။(ပုန်းညက်ကိုမေ့လို့ သရဖီနောက်ကောက်ကောက်ပါတဲ့စိတ်ကို ပြုံးမိ)
အရွက် အပွင့် အပင်တွေရဲ့ စိမ်းလန်းခြင်းတွေကို ထားရစ်ခဲ့ပြီးတော့ ကိုယ်ပိုင်ဆိုင်တဲ့
ပလပ်တတ်ထားတဲ့ စားကျက်မြေကို ရောက်လာပြန်ပေါ့။
ဝပ်ကျင်းထဲမှာ ထုံးစံအတိုင်း ကီးဘုတ်နဲ့ မောက်စ် လိုသလိုဆော့ကစား
မျက်နှာစာစာအုပ်ကိုသွား။ ကိုယ်မရောက်ဖူးတဲ့ အရပ်ရဲ့  မခံစားဖူးတဲ့ ရာသီကိုခံစားလို့
မေပယ်လ်ရွက်တွေလှချက်ကို ထောမနာပြုလို့
အစစ်မဟုတ်တဲ့ အတုတွေနဲ့ပျော်ပိုက်လို့။
မိုးမခလှိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment