Wednesday, February 29, 2012

England 2-3 Holland Goals and Official Highlights 29/2/12


I'm a fan of England.

တေးမြုံငှက်

မိုက်ခဲတိုင်း ဆိုဖြစ်တဲ့သီချင်း။ တေးရေး-မောင်သစ်မင်း။သံစဉ်-ကိုရဲလွင်။

Monday, February 27, 2012

                           ရွှေရတုအနှုတ်နှစ်                               
                                        
ဘ၀က အနှုတ်လက္ခဏာပြနေပေမယ့်
 အသက်ကတော့အပေါင်းလက္ခဏာ။
ထောင်းထောင်းကြေနေတဲ့ စိတ်တွေကို
 အသက်ပြန်ပြန်သွင်းရင်း
ဖီးနစ်စ်ငှက်(phoenix)လို့ ကိုယ့်ကိုယ်ယူဆ
ပြာပုံထဲက ရုန်းထကာ ပြန်မွေးဖွားရတာကိုပဲ 
 ပျော်စရာလို့မှတ်ထင်
ခဏခဏသေနေတာကိုမမြင်ခဲ့
 ပြန်ရှင်သန်ရတာကိုပဲ" မသေငှက်"လို့ခံယူခဲ့တယ်။
ရွှေရတုအနှုတ်နှစ်
  ဆန်းစစ်ကြည့်တော့
 လျှောက်ခဲ့တဲ့လမ်းကရှည်လာခဲ့ပြီ။
အမှားတွေကသွေဖည်လာရင်တောင်..
လမ်းမှန်တော့မရောက်သေးဘူး။
ရွှေရတု အနှုတ်နှစ်
လမ်းနှစ်သွယ်ထဲက 
လမ်းတစ်သွယ်ကိုတော့
ဆက်လျှောက်နေဆဲ။ ။
မိုးမခလှိုင် (၁၃၂၅ မှ....)
၁၃၂၅ခုနှစ် တပေါင်းလဆန်း ၅ရက် (၄၈)နှစ်ပြည့် မွေးနေ့အမှတ်တရ

Saturday, February 25, 2012

မွေးနေ့ကဗျာ(စာကြမ်း)/ငယ်ငယ်ကလက်ရေး

ငယ်ငယ်ကရေးဖူးတဲ့ကဗျာ။အကြမ်းရေးထားတာ စာအုပ်အဟောင်းထဲ က ပြန်ရှာတွေ့တာ။ (ကဗျာလို့ထင်နေတာလည်း ဖြစ်နိုင်ပါတယ်) သူငယ်ချင်းရဲ့ ၂၆နှစ်ပြည့်မွေးနေ့အမှတ်တရ ၂၆ပုဒ်ရေးပေးခဲ့တာမှတ်မိတယ်။ ဆရာတက္ကသိုလ်မင်းမော်ရဲ့ ကဗျာတွေကို ဖတ်ပြီး အတုခိုးပြီးရေးထားတာပါ။ ဒီကဗျာကို မွေးနေ့လက်ဆောင်ရခဲ့တဲ့သူငယ်ချင်းက ၃၄နှစ်မှာ ဆုံးသွားခဲ့တယ်။ကိုယ်ကတော့ ရွှေရတု အနှုတ်နှစ်း) နောက်ဘယ်နှစ်နှစ်ကြုံဦးမလဲ....မွေးနေ့တွေ..


မွေးနေ့ကဗျာ


သူငယ်ချင်း...


လူဆိုတာသေတစ်နေ့မွေးတစ်နေ့တဲ့။


ဒီလောကမြေကမ္ဘာထဲ


တစ်ရွေ့ရွေနဲ့


ခရီးပြင်းနှင်နေဆဲမှာ


ကျန်ရစ်ခဲ့တဲ့မွေးနေ့တွေ


ချန်ရစ်ခဲ့တဲ့မွေးနေ့တွေ


မွေးနေ့တွေ..


မွေးနေ့တွေ..


မွေးနေ့တွေ ရေတွက်ကြည့်တော့


ငွေရတုတစ်နှစ်ပေါင်း


မင်းအသက်လည်း


အတော်ဟောင်းလာပြီသူငယ်ချင်း


ဒါပေမဲ့ သူငယ်ချင်း


ငါတို့အသက်ရှင်နေသမျှ


မွေးနေ့တွေ..ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါကြုံဆုံဦးမလဲ။


မင်းလဲမသိ၊ငါလည်းမသိ


ဘယ်သူမှလည်း မသိနိုင်ဘူး သူငယ်ချင်း။ ။


(၂၇-၅-၈၉ ကရေးခဲ့တာကို edit လုပ်ထားခြင်း)


editလုပ်ရင်းနဲ့ လူဆိုတာသေတစ်နေ့မွေးတစ်နေ့ ဆိုတာနဲ့


နောက်ထပ်ဖြစ်ပေါ်လာတဲ့ အတွေးဟာ မဆက်စပ်ဘူးလို့


တွေးမိတယ်)


ditလုပ်ရင်းနဲ့ လူဆိုတာသေတစ်နေ့မွေးတစ်နေ့ ဆိုတာနဲ့


နောက်ထပ်ဖြစ်ပေါ်လာတဲ့ အတွေးဟာ မဆက်စပ်ဘူးလို့


တွေးမိတယ်)တကယ်တော့ ဒီကဗျာဟာ ကျွန်မအချောသပ်ရေးထားခဲ့တဲ့ ကဗျာနှင့်တူမည်မဟုတ်ပါ။


မပြည့်စုံသောကဗျာ တစ်ပုဒ်သာဖြစ်သည်။

Friday, February 24, 2012

အိမ်အကြောင်း(၁)



ကျွန်မငယ်စဉ်က  နေခဲ့ဖူးသောအိမ်များအကြောင်းကို တွေးမိသောအခါ ပထမဆုံးကျွန်မကိုမွေးခဲ့သောအိမ် ၊မွေးပြီး လ၀က်ခန့်သာနေခဲ့ရသောအိမ်။ယခုချိန်ထိ ဆယ်နှစ်သမီးအရွယ်က ခြံတံခါးဝနားမှ တစ်ကြိမ်သာ မြင်ဖူးခဲ့သာအိမ်ကို အမှတ်ရမိပါသည်။ဘန်ဂလိုပုံစံဆောက်ထားသော သစ်သားအိမ်နှင့် အိမ်ရှေ့တွင်  ရေညှိပင်များဖုံးအုပ်နေသောရေကန်ငယ်တစ်ခုလည်း ရှိသည့်
ဘ၀၏ ပထမဆုံးအိမ်။
  ရေညှိပင်များဖုံးအုပ်နေသောရေကန်ငယ်
ရေကန်နံဘေးက မိုးမခပင်
      ရေကန်ဘေးတွင်  သစ်ရွက်စိမ်းများက အသွယ်သွယ်ကျနေသည့် အမျိုးအမည်မသိ သစ်ပင်တစ်ပင်။
သစ်သားအိမ်၊ရေကန်စိမ်းနှင့်  စိမ်းလွင်သော သစ်ပင် ၊  ဆိတ်ငြိမ်အေးချမ်းသည့် အသွင်အပြင်သည် ကျွန်မမျက်ဝန်းထဲမှာ   ဆွဲထင်နေပါတော့သည်။( ထိုအမျိုးအမည်မသိသည့် အပင်သည် မိုးမခပင်ဖြစ်ကြောင်း ကာလအတော်ကြာမှ ကျွန်မသိပါသည်)
                     ထိုနေ့ကကျွန်မတို့မောင်နှမတစ်စု(မိန်ကလေးမှာ ကျွန်မတစ်ယောက်သာပါပါသည်) နံနက်ခင်းဈေးဘက်သို့ မုန့်စားသွားရင်း ကျွန်မကို မွေးခဲ့သည့်အိမ်ကို လိုက်ပို့ဖို့ ကျွန်မအစ်ကိုဝမ်းကွဲ
ကိုဦးက  ဘယ်လိုအတွေးနဲ့ စိတ်ကူးရမိသလဲမသိ။ ကျွန်မတို့အားလုံး ဘယ်သူမှ မိဘတွေကိုပြန်မပြော
ကြေးဟူသော    သဘောတူညီချက်ဖြင့်   မြို့ကလေးနှင့်   သိပ်မဝေးသော ပဲခူးရိုးမတောင်ခြေရင်းက ရွာငယ် လေး တစ်ရွာ(ကျွန်မ၏ဇာတိချက်ကြွေမွေးရပ်မြေ)ကို တစ်ခေါက်ရောက်ဖူးခဲ့ခြင်းပင်ဖြစ်သည်။ 
အလည်လွန်သောကြောင့် အိမ်ပြန်အရိုက်ခံရသော်လည်း ကျွန်မတို့အားလုံးကိုယ်စား ကိုဦးက     ဘောလုံးကွင်းတွင် ဘောလုံးကစားပြီးနောက် မြို့ထဲတွင် လျှောက်လည်နေကြောင်း   ပြောသည့်
အခါ  ကိုဦး၏အဖေ ကျွန်မအဒေါ်ယောက်ျားက ကျွန်မတို့ အားလုံးကို   ကြီးစဉ် ငယ်လိုက်တန်းစီ ရိုက်ပါတော့သည်။     နောက်ဆုံး   ကျွန်မအလှည့်ရောက်အခါ    ဦးလေး က “လာခဲ့ မိန်းမပျံမ’ ဟု ခေါ်ကာ ရိုက်ပါတော့သည်။ အဖေနှင့် အမေ့ကို အားကိုးတကြီး
လှမ်းကြည့်သော်လည်း   ကျွန်မကို ဘယ်သူမှမကြည့်  သူတို့နှင့်မဆိုင်သလို  အုပ်စုဖွဲ့ကာ စကား
ပြောနေကြသည်။ကျွန်မလည်း ကိုယ့်အပြစ်နှင့်ကိုယ်ဖြစ်သောကြောင့် နာသော်လည်းအောင့်ခံကာ မငိုခဲ့။               
                 ထိုအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း ကျွန်မကို ၀မ်းကွဲအစ်ကိုများက " တောသူမ" ဟုခေါ်လေသည်။"ရန်ကုန်သူမှတ်နေတာ နင်ကတောသူမ အစစ်၊ငါတို့ကမှ ရန်ကုန်သားမဟုတ်တောင် မြို့သား လို့ပြောလို့ရသေးတယ်"ဟုဆိုကြပါတော့သည်။ ကျွန်မက" တောသူမလဲလူပဲဘာဖြစ်လဲ" ဟု ရန်ပြန်တွေ့ပါသည်။ငယ်ငယ်က တောရွာသွားတောလားကို ဘယ်သူမှ ကိုယ့်မိဘကိုယ် အမှန်အတိုင်း
ဝန်မခံဖြစ်ခဲ့သလို မောင်နှမအချင်းချင်းလည်း ပြန်မပြောပြဖြစ်ခဲ့ကြပေ။တစ်စုံတစ်ဦးကိုမျှ မပြောဖြစ်ခဲ့
သည်ကို အမှတ်ထင်ထင်ဖြစ်နေမိသည်။
                                        ကျွန်မကိုမွေးဖွားခဲ့သောအိမ် ။                                 
 မွေးဖွားပြီး ခဏတာနေ ခဲ့ရသော အိမ်။
 ဘ၀မှာ တစ်ကြိမ်သာရောက်ဖူးခဲ့ပြီး နောက်တစ်ကြိမ် ပြန်ရောက်ရန် မလွယ်ကူတော့သော ဘ၀အစဦးအိမ်။
 ရေညှိစိမ်းများဖုံးလွှမ်းလျက် ရှိသောရေကန်ထဲသို့ အခက်အရွက်များကိုင်းညွှတ်ကျလျက်ရှိနေသော မိုးမခပင်နှင့် သစ်သားအိမ်။
             



                                                                                                                                                                   

                                                                           
 
 


        

Wednesday, February 22, 2012

နှစ်သက်မိသောကဗျာများ(၃)

လက်
လက်ဝတ်ရတနာတွေနဲ့ ဘာမှမဆိုင်တဲ့လက်
လက္ခဏာပညာရှင်တွေနဲ့ ဘယ်လိုမှ မပတ်သက်တဲ့လက်
ခုချိန်ထိဘာကိုမှ မိမိရရမဆုပ်ကိုင်မိသေးတဲ့လက်
လက်ရေးလှလှ ရေးတတ်ပေမယ့် လက်ညှိုးညွှန်ရာရေမဖြစ်ခဲ့တဲ့လက်
အသားမာတတ်နေပေမယ့် လက်ခမောင်းမခတ်နိုင်သေးတဲ့လက်
သဲအိတ်ထိုးရမှာ ၀န်လေးခဲ့တဲ့လက်
မြွေတွင်းကိုမှ နှိုက်ချင်နေတဲ့လက်
အဲဒီလက်ကအဲဒီ့လက်ကိုလက်တို့ပြီးသတိပေးတယ်
 အဲဒီလက်ကအဲဒီ့လက်ကိုလက်ဖျားခါလိုက်တယ်
 တစ်နေ့လက်ချည်းပဲပြန်ရမယ်ဆိုတာသေချာနေတဲ့လက် အဲဒီလက်ကအဲ့ဒီလက်ကိုလက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ။

ကြည်မောင်သန်းသြဂုတ် ၁၉၉၈ရနံ့သစ်

Saturday, February 11, 2012

ဒီနေ့ဖတ်မိတဲ့ကဗျာ

လမ်း

အခြေအနေက လမ်းမဆုံးသေးပါဘူး
ရှေ့မှာ ကြမ်းမယ့်လမ်း ၊ ခယောင်းဆိုတာ ခင်းထားပြီးသားလမ်းပဲ
ပန်းတိုင် မဝေးတဲ့ လမ်း ၊ မဆုံးနိုင် ဝေးတဲ့လမ်း
လျှောက်လမ်းမှာ ပေါက်ပန်းလေးဆယ်နဲ့ တွေ့နိုင်သလို အနောက်ကမ်းကို ခေါက်ထမ်းပြီး လျှောက်လှမ်းရတဲ့ လမ်း
တခမ်းတနား ကြိုတဲ့နေရာကလည်း လမ်း ဖြစ်သလို ၊ အနွမ်းအပါးတွေအတွက် စမ်းတ၀ါးနဲ့ သွားရတဲ့ လမ်း
ပန်းခင်းထားတဲ့ လမ်းပေါ်က သူဌေးသားနဲ့ ဆူးနင်းသွားရတဲ့ လမ်းပေါ်က သူတောင်းစား
လမ်းခွဲမှာ လမ်းလွဲသွားရတဲ့ လမ်း ၊ လမ်းအမြွှာမှာ ကမ်းခွာသွားရတဲ့ လမ်း
လမ်း တစ်ဝက်မှာ လမ်းဖျက်သွားရတဲ့ လမ်းနဲ့ လမ်းဆုံးမှာ ပန်းကုံးတွေနဲ့ လမ်း
အတိုက်အခိုက်များတဲ့ လမ်း ၊ ကတိုက်ကရိုက်သွားရတဲ့ လမ်း
အမိုက်ဇာတ်ဆုံးတဲ့ လမ်း ၊ အလိမ္မာသုံးရတဲ့ လမ်း
သုံးစားမရတဲ့ လမ်း ၊ လုံးပါးပါးမယ့် လမ်း
ဆုံတွေ့ရမယ့် လမ်း ၊ မကြုံ့မတွေ့အောင် ခွဲတဲ့လမ်း
လက်ပြရမယ့် လမ်း ၊ လက်တွဲကြတဲ့ လမ်း
သေတမ်း ရှင်တမ်း ခေါင်းပန်းလှန်တဲ့ လမ်း ၊ လောင်းကစားဆန်တဲ့ လမ်း
တောတိုးရမယ့် လမ်း ၊ သဘောရိုးသွားတဲ့ လမ်း
ငြိမ်းချမ်းရာသွားတဲ့ လမ်း ၊ အပူတောသွားရာ လမ်း
လူပြောများတဲ့ လမ်း ၊ လူမသိတဲ့ လမ်း
လူမရိပ်မိတဲ့ လမ်း ၊ သူခိုးမိတဲ့ လမ်း
သေချင်တဲ့ကျား တောပြောင်းတဲ့ လမ်း ၊ တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့ လမ်း
အတက် ၊ အဆင်း ၊ အနိမ့် ၊ အမြင့် ၊ အကြမ်း ၊ အချော ၊ အကွေ့ ၊ အကောက် ၊ အဖြောင့် ၊ အတန်း ၊ အပြော ၊ လက်တွေ့ တကယ်မမေ့စရာတွေနဲ့ နဖူးတွေ့ ၊ ဒူးတွေ့ ရင်ဆိုင်တွေ့ကြရတဲ့ သွားစရာ


                                                                                      ကျေးတော်မျိုး

Sunday, February 5, 2012

နှစ်သက်မိသောကဗျာများ(၂)

မီးတောက်ရစ်သမ်

(၁)
အခုလို …
လှပအေးစက်နေတဲ့ညမှာပဲ
ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ …
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။

“ချစ်ခြင်းမေတ္တာဟာ”… ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ …
မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့
နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကို ပြုစားဖို့
အဘယ်နတ်ဘုရားထံ
နင့်လက်တွေ ဖြန့်  ကားတောင်းခံခဲ့သလဲ …
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။

သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ …။

လောကဓံဦးတုန်းက …
အလွန်းအကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ…စံပယ်ရွက်ပေါ်မူးလဲ…
အသည်းကွဲတယ်…ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက …
ထိရှခဲ့တဲ့…သွေးမဲ့ဒဏ်ရာတစ်ချက်ပါ…

သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို…ဆီးမိုးထားတယ်…။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ…
ငါ…ဘယ်လိုမှ မေ့မရတဲ့
မဟာလကာင်္တစ်ပိုင်းတစ်စ…ရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ
ငါ ပြန်လည်ချည်နှောင်ခဲ့ပါမယ်…
ချစ်သော..ဖဲကြိုးဝါကလေးရယ်…
(လက်နက်မပါဘဲ…
စစ်ဝင်္ကပါမှာ ငါ…မတိုက်ရဲဘူး…)
ညံ့တယ်လို့ပဲ…
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့…။


လျှပ်စစ်မျှင်တန်းလို…
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ…
ခု…ရထားတို့ ဥသြဆွဲလိုက်ကြပြီ…
“…ပြီးဆုံးသွားပါပြီ…
…အားလုံး ပြီးဆုံးသွားပါပြီ…”တဲ့။

(၂)

အရှေ့လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွား ယိမ်းထိုးနေတော့တယ် …။

ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ…
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ်...
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေရွာမယ့်နေ့
နင်နဲ့ငါ ပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..။

ငါက ဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့…၊

ဒါပေမဲ့…
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
“သစ္စာ”ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ…။

ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…။

ဝိုင်ယာကြိုးတွေ
“ထောင်း”ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင်အတိကျသွားတဲ့
“အန္ဓ”တို့ရဲ့ အိမ်အိုမှာ…
တေလေပီသစွာ…ငါနေတယ်။

တိတ်ဆိတ်…ပြာလဲ့နေတဲ့ည…
ရေတွင်းထဲ ခေါင်းငုံပြီး…
“….”ကို ချစ်တယ်…လို့
ဘယ်ဆီဘယ်ဝယ်…ဟစ်အော်တမ်းတရတာ..
ဘာကြောင့်ပါလဲ…။

“အုံ့ပုံးချစ်” သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ…လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက…
ငါ့ကိုပြောပြတယ်။

အဲဒီလိုနဲ့…
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုး…တိုန်းကလိုပဲ
ငါ့ဆီမှာ…မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ…။

(၃)
“လူဆိုတာ…
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို..ပိုသတိရတတ်တယ်”

ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ…
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။
တကယ်တော့…အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်ပဲ ဖြစ်လိမ့်မယ်။

ဟိုးငယ်ငယ်…ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ် ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ့ သုတ်သွားဖူးတယ်။

ငါ…သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်…နှစ်…သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။

ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…
ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွာ”ဖြစ်ချင်ခဲ့တာကိုး။

အိမ်အပြန်ညများစွာမှာ…
ဘယ်သူမှ မပြောချင်တဲ့စကားတွေ ပွေ့ပိုက်
ကိုယ့်ကိုယ်ကိုယ် “လူမိုက်”လို့ပြန်ခေါ်ခဲ့ရတယ်။

၁၉၉၃…၁၉၉၄…
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…။

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ…ညများ
ပိတောက်ပိုင်းဖျားမှာ…၀ပ်တွားစုရုံး
ငါ့ကို…ချည်ထုံးခဲ့တာ…
(ခု…အချိန်တိုင်အောင်…)
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။

(၄)

မြို့ပြင်လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယားကင်ဆာ၊အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့…ကြေညာချက်ကတော့
နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ…။

ထိပ်ထားရယ်…
ဖြစ်နိုင်မယ်ဆိုရင်…
ဂန္ထ၀င်ပန်းပုရပုဒ်မှာ…
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်…။
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွာ လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင်မီးတောက်မီးလျှံလိုပါပဲ…။

ကျောင်းရှေ့က စံပယ်ရုံမှာ
ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက်ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ…
လမင်းကလေး သာခဲ့ဖူးတယ်… …။

ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္တိ
မြရာပင်ကြီး သိပါတယ်။

ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာေ၀၀ါး
ပညာရှင်ကြီးများရယ်…
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။

“ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်…
ရာစုတစ်ထောင်နေရစ်ခဲ့…
ထိုသို့ဖြင့် စကားမဲ့စေသတည်း”
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်…။

ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက် ပန်သစ္စာ
သြော်…ငါ့ကိုလေ…
နားလည်ပါ…နားလည်ပါ…
နားလည်စမ်းပါ…။

(၅)

အဲ့ဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့“သ”လို့နေခဲ့ပေါ့။
ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့ မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ…
သံမှုန်တွေ ကပ်ပါနေရဲ့
ငါ…ဘာကိုမှ မကြောက်ခဲ့ဘူး။
ဟောဒီလောက တောက်လျှောက်
“ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညကမြတ်တယ်”တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။

“မင်းကကော…ဘာလဲ” လို့
အနန္တတွေက ၀ိုင်းမေးတော့
၁…၂…၃…၄…၅…
ငါ…အကုန်စဉ်းစားတယ်
၆…၇…၈…၉…၀…
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး …။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆ၀ိညာဉ်မှာတင်တဲ့ ကမ္ဗည်း
လကွယ်ညရောက်တိုင်း…ငါ
ဂစ်တာတီးနေမယ်…။

ကျဆုံးတော့မဲ့ စစ်သူရဲအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။

ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ
ငါ…လယ်သမား ဖြစ်ချင်တယ် …
နင်…ဘုရင်မ…လာမလုပ်ရဘူးနော်။

တော်တော်ကြာ…
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့…
ရွာဇနပုဒ်နဲ့ မိုးရေထဲ
ငါ…တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်…။

ငါကလည်း ခက်တယ်…
ကဗျာတစ်ပုဒ်နဲ့
နေမ၀င်အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါ…ငြင်းတယ်…။

အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက်ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်း
ကာလများစွာ…ကြာပြီကောလေ…။

(၆)

တောင်ညိုမှာပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရဖြစ်ကုန်ကြတယ်။
ဟေး … ငါပြောမယ် …
… … အက်ဆစ်တိမ်ခိုး…တို့
မုတ်သုန်ကို နှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ…။

“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ…”
ခွဲခွာခြင်းဟာ …
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသာတည့်တည့်ဆီ
ချိန်ရွယ်မောင်းဖြုတ်လိုက်တယ် …။

သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ် စကားမဲ့ည
ငါဟာ … ထက်ပိုင်းချိုးခံရတဲ့
တစ်ခြမ်းပဲ့ “လ”ပဲ ဖြစ်တယ်။

အိပ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက…
မြေကိုရှိခိုး …
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။


အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ…မရောက်ရောက်အောင် သွားမယ်…။

ပြီးတော့…
ခရိုးခရိုင်…လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။

အရက်သမားက
သူတစ်ပါးကို လွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်…။
လေညင်းကလေးရေ…
ငါ ချစ်မြတ်နိုးရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ…။

လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ…ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦး။ နော်…။

(၇)

အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်…အညတရမိုး…ရေ
နေပါစေတော့ …။

အဲဒီညဟာ
တစ်ခြမ်းပဲ့ “လ”က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလံမီ “ည”…ဖြစ်တယ်။
မြက်ရိုင်းက…
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက…
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ…တို့ဝေးလိုက်ကြပါစို့။

ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု …ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် …။

တေလေဘ၀ရဲ့
ပထမဆုရ အမှားတွေကို
လွယ်အိတ်ညိုထဲထည့်ပြီး
မီးအိမ်လက်ဆွဲ…
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။

ထိပ်ထားရေ …
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်အေးပျော်ရွင် ထာဝစဉ် ချမ်းမြေ့စေသား …
ကောင်းသော မိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ…
ငါ … ဆုတောင်းပေးနေမယ်…။

ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း …
စကားပြောရင်း …
သီချင်းလေးတွေဆိုရင် …
မင်း …ငါ့ကို မေ့သွားမှာပါ …။

ခုတော့…သွားတော့နော်
ငါ ချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
“ဘ၀” ဆိုတဲ့ မာယာနိုင်ငံအိုက …
စောင့်ကြိုလို့ နေရော့မယ် …
သာမညလမ်းခွဲမှာ …
ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ … အောင်မြင်ပါစေ …
ထိပ်ထားရေ။

တာရာမင်းဝေ

စာလုံးပေါင်းအမှားတွေ ပြင်ရင်းနဲ့ မပြင်နိုင်တော့လို့
http://sites.google.com/site/poetmyatwai/tlkb/tym မှ ကူးယူဖော်ပြလိုက်ပါသည်။Credit to ဆရာမြတ်ဝေ